ကိုဗစ်အလွန် နောက်ဆက်တွဲနှလုံးပြဿနာများ
ခေတ်မီသူတိုင်း ကိုဗစ်ဖြစ်ကြသည် ဆိုသလို အခုဆိုရင် covid 19 ရောဂါမဖြစ်ဖူးသေးတဲ့သူ မရှိသလောက်ပဲလို့ ထင်ပါတယ်နော်။ တချို့ကလည်း ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အသက်လုခဲ့ရသလို တချို့ကျတော့ သာမန်လက္ခဏာလောက်သာ ခံစားရပြီး ပျောက်ကင်းခဲ့သူတွေလည်း ရှိမှာပါ။
ကိုဗစ်ရောဂါဘေးက လွန်မြောက်ခဲ့ပေမယ့် အဆုတ်၊နှလုံး၊ ကြွက်သား အစရှိသည်တို့မှာ ဗိုင်းရပ်စ်ပိုးက ဖျက်စီးခဲ့တဲ့ ဒဏ်ရာဒဏ်ချက် နောက်ဆက်တွဲတွေ ရှိနေတတ်ပါတယ်။
အဲဒီထဲကမှ ကိုဗစ်ကြောင့် နှလုံးမှာ ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်သလဲ ဆိုတာ ပြောပြပေးမယ်နော်။
ဘာကြောင့် နှလုံးထိခိုက်တာလဲ??
- အောက်ဆီဂျင်မရလို့
ကိုဗစ်ဖြစ်နေစဥ်အတွင်း အဆုတ်ကို ထိခိုက်မှုကြောင့် လေအိတ်လေးတွေ အလုပ်မလုပ်တော့တဲ့အခါ အဆုတ်က အောက်ဆီဂျင်တွေကို သန့်စင်ပြီး ထုတ်မပေးနိုင်တော့ပါဘူး။ အောက်ဆီဂျင် မလုံလောက်တဲ့အခါ သွေးညှစ်ထုတ်ဖို့အတွက် နှလုံးက ပင်ပန်းကြီးစွာ အလုပ်လုပ်ရသလို နှလုံးက ဆဲလ်တွေဟာ အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးသွားတဲ့အတွက် အမာရွတ်ဖြစ်ပြီး အလုပ်မလုပ်နိုင်တဲ့ နှလုံးရဲ့ ဧရိယာတွေ ပိုများလာတဲ့အခါ နှလုံးက ဒဏ်ဖြစ်လာတာပါ။
- နှလုံးရောင်ရမ်းလို့ (Myocarditis)
ကိုဗစ်အပါအဝင် တချို့တုပ်ကွေးဗိုင်းရပ်စ်တွေဟာ နှလုံးကြွက်သားတွေကို တိုက်ရိုက်ရောင်ရမ်းပျက်စီးစေသလို ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ရဲ့ ခုခံအားက တိုက်ထုတ်တဲ့အခါ သွယ်ဝိုက်သောအားဖြင့် နှလုံးရောင်ရမ်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။
- ကိုဗစ်ကြောင့် နှလုံးသွေးကြောတွေ ပျက်စီးလို့
ကိုဗစ်က နှလုံးသွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို ထိခိုက်စေတဲ့အတွက် သွေးကြောတွေ ရောင်လာတာ၊ သွေးခဲပိတ်ဆို့တာမျိုးကြောင့် သွေးလှည့်ပတ်မှုပိတ်တာ၊ နှေးတာ ဖြစ်စေပါတယ်။
- နှလုံးကြွက်သားတွေ၊ နံရံတွေ ထူလာ၊ မာလာလို့ (Cardiomyopathy)
ရောဂါကြောင့် စိတ်ဖိစီးမှု (stress) ဖြစ်တဲ့အခါ Catecholamines လို့ခေါ်တဲ့ ဓာတ်တွေထွက်လာပြီး နှလုံးနံရံ ကြွက်သားတွေကို မာလာစေတဲ့အတွက် နှလုံးက ညှစ်အားလျော့လာတာမျိုး ဖြစ်လာပါတယ်။
- ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံမှုလွန်ကဲလို့ (Cytokine Storm)
ရောဂါပိုးဝင်လာရင် ခန္ဓာကိုယ်ထဲက Cytokine ဆဲလ်တွေထွက်လာပြီး ပြန်ခုခံတိုက်ထုတ်ကြရတာ ပုံမှန်ပါ။ တချို့တွေမှာ မျိုးရိုးဗီဇကြောင့် ပုံမှန်ထက် လွန်ကဲပြီး ခုခံမှု (Cytokine Storm) ဖြစ်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေ ဖြစ်ပေါ်ပြီး ပုံမှန်ဆဲလ်တွေကိုပါ တိုက်ခိုက်လိုက်လို့ အဆုတ်၊ အသည်းနဲ့ နှလုံးတို့လို ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနိုင်ပါတယ်။ Cytokine Storm အရမ်းပြင်းထန်တဲ့ သူတွေဟာ အသက်အန္တရာယ်က မလွတ်မြောက်တာ များတာမို့ နောက်ဆက်တွဲအထိ ရောက်လာတာ ရှိပေမယ့် ရှားပါတယ်။
သတိထားရမယ့် လက္ခဏာတွေ...
- ရုတ်တရက် ရင်ဘတ်အောင့်ပြီး အသက်ရှူကျပ်တာက ၅ မိနစ်ကျော်တဲ့ထိ မသက်သာတာ
- သွေးထဲမှာ အောက်ဆီဂျင်(SPO2) ၉၂% ထက် နည်းနေတာ
- နှုတ်ခမ်းတွေ ပြာလာတာ
- နှလုံးခုန်မြန် ရင်တုန်းပြီး ရင်ဘတ်ထဲမှာ တင်းကျပ်နေတာ
- လှဲအိပ်လိုက်ရင်၊ လှုပ်လှုပ်ရှားရှားလုပ်ရင် ပိုမောတာ
- ခြေထောက်တွေ ဖောရောင်တာ
- ချွေးစေးတွေထွက်၊ ပျို့အန်ပြီး အသက်ရှူကျပ်တာ မျိုးဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
ECG ဆွဲတာ၊ နှလုံးကို ultrasound ရိုက်တာ၊ သွေးကြောတွေကို ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာတွေကနေ မိမိနှလုံးရဲ့ အခြေအနေကို သေချာသိနိုင်ပါတယ်။ နှလုံးကြွက်သားတွေကိုထိခိုက်မှုဟာ ယာယီဖြစ်မလား ဒါမှမဟုတ် နာတာရှည် ဖြစ်မလားဆိုတာ ရောဂါကြောင့် နှလုံးကို ဘယ်လောက်ထိ ထိခိုက်ခဲ့လဲ ပေါ်မှာ မူတည်ပါတယ်။
နှလုံးရောဂါအခံရှိသူတွေမှာ ပိုဆိုးတတ်ပေမယ့်လည်း နှလုံးရောဂါ မရှိသူတွေမှာလည်း ဖြစ်တတ်တာမို့ ပုံသေတော့ ပြောလို့မရပါဘူး။ ကိုဗစ်ရောဂါကို သာမန်နဲ့ အလယ်အလတ်လောက်ပဲ ခံစားခဲ့ရတဲ့ သူတွေမှာ နာတာရှည် နှလုံးရောဂါ ဖြစ်နိုင်ခြေပိုနည်းပါတယ်။ ဒါကြောင့် ပြင်းထန်ကိုဗစ်ခံစားခဲ့ရတဲ့သူတွေဟာ မိမိကျန်းမာရေးကို သတိထားစစ်ဆေးနေသင့်တာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်